Surgeon's digest by Dr Nyein Chan

  • Home
  • Surgeon's digest by Dr Nyein Chan

Surgeon's digest by Dr Nyein Chan General surgeon
(1)

22/09/2022

Quality is more important than Quantity ( reprinted book)
� We are closed on every Wednesday �

09/09/2022

လာမယ့်အပတ်ထဲမှာ
အသစ်ဆွေးနွေးပေးမယ့် အကြောင်းအရာ ခေါင်းစဉ်ကတော့

" ဂျိုးထိပ်ဖြတ်ခြင်း အနုပညာ" 🍌🍌🍌

အမျိုးသားအရေပြားဖြတ်ခြင်းနှင့်ပတ်သက်ပြီး သိသင့်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး
ဆောင်ရန်၊ ရှောင်ရန်များကို ပြောပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျား။

Dr Nyein

အားလုံးပဲ မဂ်လာပါ။Surgeon's digest by Dr Nyein Pageလေးကနေ ပြန်လည်ကြိုဆိုပါတယ်။Pageလေးကို အားပေးနေကြသူတွေအားလုံးကို တစ်ယေ...
08/09/2022

အားလုံးပဲ မဂ်လာပါ။
Surgeon's digest by Dr Nyein Pageလေးကနေ ပြန်လည်ကြိုဆိုပါတယ်။

Pageလေးကို အားပေးနေကြသူတွေအားလုံးကို တစ်ယောက်မကျန် ကျေးဇူးတင်ပါတယ်။

အခု ဆက်လက်ပြီးတော့ ခွဲစိတ်မှုနဲ့ သက်ဆိုင်တဲ့ ဘယ်လို ရောဂါအကြောင်းတွေ သိချင်ပါသလဲ။

Comment မှာ အကြံပေးသွားကြပါဦး။

With regards
Dr Nyein

"အူကျခြင်း ပြဿနာ ရှက်စရာ မဟုတ်ပါ။"၁။"အား နာတယ်ဆရာရေ့။""မခံနိုင်တော့ဘူးဆရာရေ။"ဆေးခန်းအတွင်း လူနာကြည့်ရှုခန်းအတွင်း အိပ်ငိ...
06/09/2022

"အူကျခြင်း ပြဿနာ ရှက်စရာ မဟုတ်ပါ။"

၁။

"အား နာတယ်ဆရာရေ့။"

"မခံနိုင်တော့ဘူးဆရာရေ။"

ဆေးခန်းအတွင်း လူနာကြည့်ရှုခန်းအတွင်း အိပ်ငိုက်နေသော ဒေါက်တာ ငြိမ်းချမ်းတယောက် ကြားနေရသော အသံများကြောင့် ရုတ်တရက် မျက်လုံးများ ပြူးလာရသည်။ အသံကား‌ ယောကျာ်းလေးအသံ။ မွေးလူနာတော့ဟုတ်ဟန်မတူ။

ဆေးခန်းအဝင်ရှိ သူနာပြုအကူလေးများမှ လူနာကို သွေးပေါင်ချိန်တိုင်းခြင်း၊ အဖျားတိုင်းခြင်း၊ အောက်ဆီဂျင်တိုင်းခြင်းများကို ပုံမှန်အားဖြင့် လုပ်လေ့ရှိသည်။ ယခုမူကား လူနာ၏ အော်ညည်းသံများကြောင့် အရေးပေါ်ဗိုက်အောင့်ခြင်းများလားဟု ဒေါက်တာငြိမ်းချမ်းစဉ်းစားလိုက်သည်။

" ဟေး ပိန်ပိန်။ လူနာကို တခါထဲ အခန်းထဲ ခေါ်ခဲ့လိုက်။"
(ပိန်ပိန်= ဆေးခန်းမှ သူနာပြုအကူ၏ အမည်။)

၂။

လူနာသည် အော်ညည်းလျှက်ရှိသည်။ သူနာပြုအကူများနှင့် ဒေါက်တာငြိမ်းချမ်းတယောက် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် လုပ်စရာရှိသည်များကို ဆက်တိုက်လုပ်လျှက်ရှိသည်။

"လူနာနာမည်ပြော"

"ပြည့်ဖြိုးအောင်"

"အသက်ကကော"

"၃၀"

"ဘာဖြစ်တာလဲအခုက"

"အောင့်လို့ပါဆရာ။"

"ဘယ်နားကအောင့်လဲ လက်နဲ့သေချာထောက်ပြပေး။"

"ဟိုလေဆရာ ဟိုဟို။"

"သေချာပြောမှ သိမှာနော်။ ဘယ်နားအောင့်နေတာလဲ။"

"ဟိုလေဆရာ ဘောကအောင့်တာပါ။"

ဟော အခုမှ ပြဿနာ၏ တရားခံကိုခန့်မှန်းမိချေပြီ။ ခပ်သွက်သွက်ပင် ခွင့်တောင်းပီး လှန်ကြည့်လိုက်သည်။

တရားခံတွေ့ပါပြီ။

အူကျပြီး ပြန်မဝင်တော့ခြင်းပင်။

ခပ်သွက်သွက်ပင် မေးစရာရှိသည်များကို ဆက်မေးလိုက်သည်။

"အခုလို အူကျနေတာ ဘယ်လောက်ကြာပြီလဲ။ "

"ငါးနှစ်လောက်ရှိပီဆရာ။ အစက ပြန်ဝင်တယ် ခုမှ ရုတ်တရက် ပြန်မဝင်တော့တာဆရာ။"

"ဘယ်လိုလုပ်လို့ ပြန်မဝင်တော့တာလဲ။"

"မန်ယူက အာကြီးကို နိုင်သွားလို့ ပျော်ပီး ထခုန်လိုက်တာပါ။"

၃။

အနာ အမြန်သက်သာစေသည့်ဆေးထိုးခြင်း၊ အူကျနေသည်ကို ရေခဲ ကပ်ခြင်း၊ ကုတင်ခြေရင်းကို မြှင့်ထားခြင်း စသည်တို့ကို ပြုလုပ်ပီးနောက် ပြန်မဝင်သော အူတို့သည် ပလို့ကျိဟ ဆိုပြီး ပြန်ဝင်သွားချေပြီ။

ဒေါက်တာငြိမ်းချမ်းတယောက် လူနာနှင့်ဆွေးနွေးစရာ ရှိသည်များကို ဆက်လက်ဆွေးနွေးနေပါသည်။

၄။

"ကိုပြည့်ဖြိုးအောင်၊ အသက် ၃၀ဟုတ်ပါတယ်နော်။"

"ဟုတ်ပါတယ်ဆရာ။"

"အူကျတာသိတာ ငါးနှစ်လောက်ရှိတာ ဘာလို့ ဆေးရုံဆေးခန်းမပြဖြစ်တာလဲ။"

"ဒီလိုပါပဲဆရာ။"

"ငွေကြေးအခက်ခဲ ရှိလို့လား ကိုပြည့်ဖြိုးအောင်။"

"မဟုတ်ပါဘူးဆရာ ကျတော် ရှက်လို့ပါ။"

အင်း။ ကျွန်တော်တို့ မြန်မာအမျိုးသားတို့သည် အရှက်ကြောက်ကြီးကြပါသည်။ တောသူတောင်သားတို့က သာ၍ပင် ဆိုးပါသေးသည်။ ယခုလိုမျိုး အူကျခြင်းသည် ရှက်စရာမဟုတ်ချေ။ သိရှိသည်နှင့် နီးစပ်ရာ ဆရာဝန်များနှင့်တိုင်ပင်သင့်သည်။ အေးအေးဆေးဆေး သေချာပြင်ဆင်၍ သက်တမ်းနုသေးသည့်အချိန်တွင် ခွဲစိတ်သင့်သည်။ ထိုသို့မဟုတ်ပါက ယခုကဲ့သို့ ပြန်မဝင်တော့ခြင်း၊ ထိုထက်ပိုဆိုးပါက အူပုတ်သွားခြင်းများဖြစ်တက်ပါသည်။ ထိုကဲ့သို့ အူပုတ်ခြင်းအခြေနေမျိုး ဖြစ်လာပါက နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်နိုင်သည်ကို လူနာများအနေ ဖြင့် နားလည် သဘောပေါက်ရန် အရေးကြီးသည်။

၅။

"အူကျတာက ဘာကြောင့်လဲဆရာ။"

" ခင်ဗျားက ယောကျာ်းလေး ဖြစ်နေလို့လေ။"

"ဗျာ။"

ကိုပြည့်ဖြိုးအောင်တယောက် ဆရာငြိမ်းချမ်း၏အဖြေကြောင့် ရုတ်တရက်ကြောင်သွားရသည်။

"ကျတော်ဆိုလိုတာက ယောကျာ်းလေးတွေက မိန်းကလေးတွေထက် အူကျခြင်း ဖြစ်နိုင်ချေပိုများတာကိုပါ။ အဲ့တော့ ခင်ဗျားက တပန်းရှုံးနေပြီ။ "

"နောက်ထပ် အူကျခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိပါသေးတယ်။
၁။ ဝမ်းဗိုက်တွင်းဖိအားများစေသောအကြောင်း များ ဥပမာ- ဝမ်းအမြဲချုပ်ခြင်း၊ နာတာရှည် ချောင်းဆိုးခြင်း၊ အဝလွန်ခြင်း။
၂။ ဝမ်းဗိုက်ကြွက်သားပျော့စေသော ရောဂါများ
၃။ မတ်တပ်အကြာကြီး ရပ်ရခြင်း
၄။ ဝမ်းဗိုက်ခွဲစိတ်ခံဖူးခြင်း ၊ဥပမာ အူအတက်ယောင် ခွဲစိတ်ခံဖူးခြင်း
၅။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ခြင်း
၆။ အမျိုးသမီးများမှာတော့ မကြာခဏ ကိုယ်ဝန်ဆောင်ခြင်း။"

"ဒါတွေက ကျတော်မှတ်မိသလောက်ပြောပြတာပါ။ တခြားအကြောင်းအရာများလည်း ရှိပါသေးတယ်။"

"ဟုတ်ကဲ့ဆရာ။ ကျတော်က အူကျတာကို သိတာတော့ ကြာနေပါပြီ။ ဆရာဝန်ကို ပြရမှာ ရှက်တာကြောင့် မပြဖြစ်တာဆရာ။"

"ဟုတ်တယ် ကိုပြည့်ဖြိုးအောင်ရေ။ တကယ်တော့ ဖြစ်စထဲက ဆရာဝန်နဲ့တိုင်ပင်၊ သေချာ ပြင်ဆင်ပြီး ခွဲစိတ်ကုသခဲ့ရမှာ။"

"ဟုတ်ကဲ့ပါဆရာ။"

"အဲ့လိုမဟုတ်ရင် အစပိုင်းမှာ အူကျတာက သူ့ဘာသူပြန်ဝင်နိုင်တယ်။
နောက်ပိုင်းကျ လက်နဲ့သွင်းမှ ဝင်တော့တယ်။
တဖြည်းဖြည်းနဲ့ဆိုးလာရင်တော့ ပြန်သွင်းလို့မရတော့တာပဲ။
အဆိုးဆုံးက ပြန်မဝင်တော့ပဲ အူပုတ်သွားတက်တာပဲ ကိုပြည့်ဖြိုးအောင်ရေ။"

"အခု ခင်ဗျားက ပြန်သွင်းလို့ မဝင်ပဲ နာခါစမှာ လာလိုက်လို့ပဲ။ အခြေနေပေးတော့ သူ့ဘာသူ ပြန်ဝင်ပြီး အဆင်ပြေသွားတာ။ ဒါက အပြီးကောင်းတာမဟုတ်ဘူးနော်။ သေချာခွဲစိတ်ဖို့လိုသေးတယ်။"

"တချို့လူ‌တွေက အဲ့လို ပြန်သွင်းလို့မရတဲ့အခါ နှိပ်တာမျိုး ပဲ ကို ပြည့်ဖြိုးအောင်ရေ။ အဲ့တာတော့ ခင်ဗျားရဲ့ အသိမိတ်ဆွေတွေကို သတိပေးပေးပါဦး။ ဒါနဲ့ ခင်ဗျားက မန်ယူနိုင်တာနဲ့ အူက ပြန်မဝင်တာ ဘယ်လိုဖြစ်တာတုန်း။"

"ဆရာရယ် ကျတော်တို့မန်ယူပရိတ်သတ်တွေမှာ ပျော်စရာတွေက ရှားပါးနေတာကြာပါပီ။"

ပြောနေရင်းဖြင့် ကိုပြည့်ဖြိုးအောင်တယောက် မျက်ရည်များဝိုင်းလာသည်။ ဒေါက်တာငြိမ်းချမ်းက အလိုက်တသိပင် တစ်ရှူးကမ်းပေးလိုက်သည်။

"အခုလို အာကြီးကို နိုင်လိုက်ချိန်မှာ အူကျတာတွေ ဘာတွေ ကျတော်မသိတော့ဘူးဆရာ။ အရမ်းထခုန်ပေါက်လိုက်တာ အဲ့ဒီအူက ကျလာပြီး ပြန်မဝင်တော့တာ ဆရာရေ။"

"ဪ။"

၆။

ယခုတော့ ကိုပြည့်ဖြိုးအောင်တစ်ယောက် ပြုံးပျော်နိုင်ပြီဖြစ်သည်။ မန်ယူအကျိုးပေးကောင်းမှုကြောင့် ငွေစလေးများရွှင်ကာ နှစ်ရှည်ကြာနေပြီ ဖြစ်သည့် အူကျခြင်းရောဂါကို စနစ်တကျခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ်သည်။

နောက်ပိုင်းတွင်လည်း အလေးပင်မခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်းများကို တက်နိုင်သမျှ ရှောင်ရှားရမည်ဖြစ်ကြောင်း ကိုပြည့်ဖြိုးအောင်တယောက် ကောင်းစွာနားလည်ခဲ့ပီဖြစ်သည်။

၇။

"ဆရာ ကျွန်တော် ဆေးရုံးက ဆင်းရတော့မယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။"

"ရပါတယ်ဗျာ။ ဒါနဲ့ဗျာ ခင်ဗျားကို ပြောဖို့ တခုကျန်သေးလို့။"

"ဗျာ ဆရာ။"

"ခင်ဗျား ဆေးခန်းကို လာခါစနေ့က ကျွန်တော်သတိထားမိတယ်။ ခင်ဗျားအတွင်းခံလဲဝတ်မထားဘူးနော်။ ဘာလဲမန်ချက် ဘရက်ဖို့ကို 4:0နဲ့ ရှုံးလို့ ထည့်ပေါင်လိုက်ရတာလား။"

"အာ ပေါက်ပေါက်ရှာရှာဆရာရယ်။ ကျတော် အဲ့ဒီနေ့က မဝတ်ထားဖြစ်တာ။"

"ဟုတ်ပါပီ။ နောက်ကို အမြဲဝတ်ဖို့တော့လိုမယ်နော် ကိုပြည့်ဖြိုးအောင်ရေ။ ဘောထိန်းပေါ့။ "

၈။

ဆရာငြိမ်းချမ်းက ဘာကြောင့်အကြာကြီးရောဂါကို ဒီအတိုင်းထားထားရသလဲဟုမေးစဉ်က ရှက်လို့ဟု ဖြေခဲ့မိသည့်အကြောင်း ပြန်စဉ်းစားရင်း ကိုပြည့်ဖြိုးအောင်တယောက် ပြုံးမိသည်။

ရှက်သည်က တပိုင်းဖြစ်သော်လည်း မန်ယူကောင်းမှု အကြောင်းပြုကာ လောင်းတိုင်းရှုံးနေခဲ့ခြင်းကြောင့် မိန်းမနှင့် ရန်အမြဲဖြစ်ကာ မခွဲဖြစ်ခဲ့ခြင်းကိုကား ဆရာငြိမ်းချမ်းအား မပြောဖြစ်ခဲ့။

ယခုမူကား။

ကျေးဇူးပါ ရွှေကျေးလေးရေ။ (ရွှေကျေး= အာဆင်နယ်)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မှတ်ချက်။။ ကိုပြည့်ဖြိုးအောင်တစ်ယောက် မသိခဲ့သော အချက်တစ်ချက်ရှိပါသည်။ ဆရာငြိမ်းချမ်းသည် အာဆင်နယ်ဖန် စစ်စစ်ဖြစ်နေခြင်းပင်။

Dr Nyein

( နီးစပ်ရာ မန်ယူဖန်များအား မန်းရှင်းခေါ်၊ Like & share လုပ်ခြင်းဖြင့် ပေါင်ခြံတွင် အူကျခြင်းရောဂါအား သတိထားမိစေရန် ကူညီလိုက်ပါ။)

အားလုံးပဲ မဂ်လာပါ။Surgeon's digest by Dr Nyein Pageလေးကနေ ကြိုဆိုပါတယ်။သားမြတ်ပြဿနာ အဖြေရှာ ဇာတ်လမ်းလေးကို ကြိုက်နှစ်သက်...
03/09/2022

အားလုံးပဲ မဂ်လာပါ။

Surgeon's digest by Dr Nyein Pageလေးကနေ ကြိုဆိုပါတယ်။

သားမြတ်ပြဿနာ အဖြေရှာ ဇာတ်လမ်းလေးကို ကြိုက်နှစ်သက်အားပေးကြလို့ ကျေးဇူးတင်ပါတယ်။

မိမိတို့ပတ်ဝန်းကျင်ရှိ လူများလည်း ရင်သားဆိုင်ရာ ပြဿနာများကို ပိုမိုသိရှိအောင် Like & share လေးများ လုပ်ပေးကြပါလို့ request လုပ်ပါတယ်။

ဒီရက်ပိုင်း Admin ခဏအနားယူဦးမှာဖြစ်ပြီး
အာဆင်နယ်အသင်း နိုင်ပွဲနဲ့အတူ ပြန်လာခဲ့ပါမယ်။

စာဖတ်သူများအနေနဲ့ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါများထဲက အူကျခြင်းနဲ့ပတ်သက်ပြီး သိချင်တာများရှိရင် comment မှာရေးသွားနိုင်ပါတယ်။

အာဆင်နယ် နိုင်ပွဲနဲ့အတူ ပြန်လာမယ့် ခေါင်းစဉ်လေးကတော့

" အူကျခြင်း ပြဿနာ ရှက်စရာ မဟုတ်ပါ။"

လေးစားစွာဖြင့်

Dr Nyein

သားမြတ်ပြဿနာ အဖြေရှာအပိုင်း(၆) ဇာတ်သိမ်းပိုင်း။၃၆။အချိန်ကား ၂၀၃၅ခုနှစ်။ မြန်မာနိုင်ငံတွင်း တစ်နေရာ။ အခမ်းနား အစီစဉ်တခု။"...
02/09/2022

သားမြတ်ပြဿနာ အဖြေရှာ
အပိုင်း(၆) ဇာတ်သိမ်းပိုင်း။

၃၆။

အချိန်ကား ၂၀၃၅ခုနှစ်။ မြန်မာနိုင်ငံတွင်း တစ်နေရာ။ အခမ်းနား အစီစဉ်တခု။
"ရဲရင့်ခြင်းနှင်းဆီ ရင်သားကင်ဆာဖောင်ဒေးရှင်း"
"ရင်သားကင်ဆာနှင့်အတူနေထိုင်ခြင်း။"

၃၇။

အခမ်းနားသည် စတင်လျှက်ရှိနေချေပြီ။ မြန်မာနိုင်ငံတွင်းရှိ ရင်သားကင်ဆာ ခံစားခဲ့ရပြီး ‌ကုသပျောက်ကင်းသွားပြီ ဖြစ်သော အမျိုးသမီးများ၊ လက်ရှိရင်သားကင်ဆာ ခံစားနေရသော အမျိုးသမီးများ၊ ရင်သားကင်ဆာနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု ရှိသော အမျိုးသမီးများ တက်ရောက် ဆွေးနွေးလျှက် ရှိကြသည်။ သူတို့၏ မျက်ဝန်းတွင် မျှော်လင့်ချက်ရောင်ခြည်များ၊ ရှင်သန်ခြင်းအငွေ့သက်များ တဖိတ်ဖိတ်တောက်ပလျှက်။

အခမ်းနား၏ တဒေါင့်တနေရာတွင် ဒေါ်ချိုချိုနှင့် သူမ၏ သမီးဖြစ်သူ မနွေးနွေးအောင်တို့ အတူတကွထိုင်လျှက်။ မြေးမလေး သင်းသင်းလှိုင်၏လက်ကို မြဲမြဲကိုင်လျှက် ဒေါ်ချိုချိုတစ်ယောက် အတိတ်ကိုတွေးနေမိသည်။ ခင်ပွန်းဖြစ်သူ ကိုထွန်းရင်တယောက်တော့ မကြာမှီ နှစ်များကပင် သက်ကြီးရောဂါဖြင့် ဆုံးရှာပြီ။

၃၈။

အခမ်းနားသည် တင်ဆက်မှု အမျိုးမျိုးဖြင့် အမျိုးသမီး ကြီးငယ်တို့ကို ပညာပေးလျှက်ရှိနေပြီ။ ရဲရင့်ခြင်းနှင်းဆီ ဖောင်ဒေးရှင်း၏ တည်ထောင်သူ ဒေါက်တာငြိမ်းချမ်းတစ်ယောက် အစီအစဥ်များကို ကြည့်ရင်း ဘဝအမောတို့ ပြေပျောက်ရပါသည်။ စင်မြင့်ထက်တွင် ဒေါ်ချိုချိုတယောက် မိမိ၏ အတွေ့ကြုံများကို အားကြိုးမာန်တက် ရှင်းလင်းပြောပြလျှက်ရှိချေပြီ။

ဒီပွဲလေးကို ဒေါ်ချိုချိုတယောက် တက်ရောက်ပြီး ရင်သားကင်ဆာကို ကျော်ဖြတ်အနိုင်ယူခဲ့ပုံများကို ပြောကြားနေပုံကိုကြည့်ရင်း ဒေါက်တာငြိမ်းချမ်းတယောက် ဒေါ်ချိုချိုအကြောင်းတွေးနေမိသည်။

၃၉။

သူမအမည်ကားဒေါ်ချိုချို၊ ရင်သားကင်ဆာကို စောစီးစွာ သတိပြုမိပြီး ဆရာဝန်၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာခဲ့သူ။ စနစ်ကျသော ကုသမှုများကိုခံယူခဲ့သူ။ ဒေါ်ချိုချိုနှင့်ဆုံဆည်းခဲ့သည့်အချိန်သည် ဒေါက်တာငြိမ်းချမ်းတယောက် ကရင်ပြည်နယ်သို့ ပြန်လည်ရောက်ရှိနေချိန်၊ နိုင်ငံရဲ့ အခြေနေတွေ အဆိုးဆုံးအချိန်။ ပြန်လည်ပြီးမတွေးချင်လောက်အောင် ဆိုးခဲ့သည့်အချိန် မဟုတ်ပါလား။

‌ထိုစဉ်က ဒေါ်ချိုချိုတယောက် အသားစအဖြေအတိကျ ရယူကာ ကင်ဆာဖြစ်သည်ကို လက်ခံပြီး ခွဲစိတ်ခြင်း၊ ခွဲစိတ်ပြီးနောက် လိုအပ်သည့် ဆေးသွင်းခြင်းများကို စနစ်တကျ ကုသမှုခံယူခဲ့သည်။ ကုသမှုပြီးဆုံးသည့်အခါတွင်လည်း ဆရာဝန်၏ နောက်ပိုင်းချိန်းဆိုမှုများကို အတိအကျလိုက်နာခဲ့သည်။ အစောပိုင်းနှစ်များတွင် ရင်သားဓါတ်မှန်ပြန်ရိုက်ခြင်း၊ သွေးစစ်ခြင်းများကို ပုံမှန်ပြုလုပ်ခဲ့သည်။ ဒေါ်ချိုချိုသည် ယခုချိန်တွင်ကား ပြုံးပြုံးပျော်ပျော်ဖြင့် သူမ၏ ရောဂါ အခြေနေတို့ကို လူအများလက်ခံနားလည် သဘောပေါက်အောင် ပြောပြနိုင်လျှက် ရှိနေပြီဖြစ်သည်။ မြန်မာပြည်ရှိ ရင်သားကင်ဆာအမျိုးသမီးတိုင်း ဒေါ်ချိုချိုကဲ့သို့ပင် စနစ်ကျကုသမှုခံယူလျှင် မည်မျှကောင်းလိုက်မည်လဲဟု ဒေါက်တာငြိမ်းချမ်းတစ်ယောက် တွေးရင်း ပြုံးမိသည်။

၄၀။

ယနေ့အချိန်တွင်ကား မြန်မာပြည်ကြီးတွင် ပြီးပြည့်စုံသော ရင်သားကုသမှုကို ရရှိနေပြီဖြစ်သည်။

ရင်သားတစ်ခုလုံး ထုတ်စရာမလိုပဲ ပုံမပျက်လှပစေလျှက် အလုံးထုတ်သော ကုသမှု ( Breast conserving surgery BCS)၊ ကုသမှုနောက်ပိုင်း လိုအပ်သော ဓါတ်ကင်ခြင်း၊ ဓါတ်ရောင်ခြည် ပစည်း ရင်သားသို့ ထည့်သွင်းကုသခြင်းများသည် မြန်မာပြည်တွင် တနေရာထဲ ၌ကုသမှု ခံယူနိုင်ပြီဖြစ်သည်။

ရင်သားနှင့်ပတ်သက်၍ ကြီးလိုခြင်း၊ သေးလိုခြင်း၊ ဆီလီကွန်ထည့်ခြင်း၊ ဆေးထိုးခြင်း၊ ခန္တာကိုယ်၏ ကြွက်သားများကို ပြန်လည်အသုံးပြုလျှက် ရင်သားပုံမပျက်အောင် ကုသခြင်းများကို နိုင်ငံတကာနည်းတူ အန္တရယ် အနည်းဆုံးအနေအထားဖြင့် ကုသမှုများခံယူနိုင်ပြီဖြစ်သည်။

၄၁။

ဒေါ်ချိုချို့လို လူနာပေါင်းများစွာ၊ ရှင်သန်မှုများစွာ။ ထိုလူနာများ ရှိသကဲ့သို့ ကင်ဆာရောဂါအခြေအနေ နောက်ကျမှ ရောက်ရှိလာသောလူနာများ၊ ‌ဆေးအုံခြင်း မန်းခြင်း တလွဲကုသခြင်းတို့ကြောင့် မသေသင့်ပဲ အသက်ဆုံးရှုံးသွားရသော လူနာ တယောက်ချင်းစီအတွက် ဒေါက်တာငြိမ်းချမ်းတယောက် တွေးမိရင်း ရင်ဘက်ထဲက အောင့်လာသလို ခံစားရမိသည်။

မိမိဘဝ တခုလုံးကို ရင်သားရောဂါ ဝေဒနာရှင် လူနာများအတွက်ဟု စိတ်ပိုင်းဖြတ်ပြီးထဲက ထိရောက်သော ကုသမှုများ ရရှိရေးကို အဓိက ဦးစားပေးခဲ့သည်။

စနစ်မကျသော ကုသမှုများမှ ရှောင်ရှားနိုင်စေရန်အလို့ဌာ စာပေများရေးသားခြင်း၊ ပိုမိုထိရောက်သောကုသမှုများအတွက် နိုင်ငံရပ်ခြားပညာသင်ယူခြင်းများကို အထူးဦးစားပေးလေ့လာခဲ့သည်။

ဘဝရဲ့ အလှည့်အပြောင်းမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး အဆုံးတွင်တော့ ရင်သားကင်ဆာဝေဒနာရှင်များအတွက် ရဲရင့်သော မြန်မာအမျိုးသမီး နိုင်ငံ့မိခင်ကြီးတစ်ဦးကို ဂုဏ်ပြုလျှက် "ရဲရင့်ခြင်းနှင်းဆီ" ဟူသော ကင်ဆာဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။

၄၂။

ဖုန်းမှ တုန်ခါလာသဖြင့် ဖုန်းမက်စေ့ဝင်လာသည်ကို သတိထားမိလိုက်သည်။

အိပ်ချင်မူးတူးဖြင့်ပင် မက်စေ့ကိုဖတ်လိုက်သည်။

" ငြိမ်းချမ်းရေ အမကြီး ကျန်းမာရေးအရ မလာနိုင်ပေမယ့် ငြိမ်းချမ်းရဲ့ အောင်မြင်မှုအတွက် အမြဲဂုဏ်ယူလျှက်။"

တချိန်က ဆေးရုံကြီးတခုရဲ့ ရင်သားခွဲစိတ်မှု ဌာနမှ ပရော်ဖက်ဆာ မမ၏ မက်စေ့ဖြစ်သည်။

ဒေါက်တာငြိမ်းချမ်းတယောက် ပြုံးလိုက်သည်။ ထို့နောက် Reply မက်စေ့တခုပြန်ပို့လိုက်သည်။

"THANK YOUပါအမကြီး။"

ပြီးပါပီ။
(ရင်သားကင်ဆာ အမျိုးသမီးတိုင်း ထိရောက်စနစ်ကျသော ကုသမှုများရရှိနိုင်ပါစေ။)

သားမြတ်ပြဿနာ အဖြေရှာအပိုင်း(၅)၂၈။ကျမ အမည် နွေးနွေးအောင်ပါ။ ကျမအသက်က၁၄ နှစ်ပါရှင်။ ဟုတ်ပါတယ်။ ပြဿနာ အားလုံးရဲ့ အစဟာ ကျမဆီ...
30/08/2022

သားမြတ်ပြဿနာ အဖြေရှာ
အပိုင်း(၅)

၂၈။

ကျမ အမည် နွေးနွေးအောင်ပါ။ ကျမအသက်က၁၄ နှစ်ပါရှင်။ ဟုတ်ပါတယ်။ ပြဿနာ အားလုံးရဲ့ အစဟာ ကျမဆီကပါရှင်။ ကျမရင်သားမှာ အလုံးလေး ပေါ်ရာက စတယ်လို့ပဲ ဆိုရမှာပဲ။

၂၉။

မေမေ့ရင်သားမှာလည်း အလုံးလေး ရှိနေသည်ဟု သိရချိန်တွင် ကျမ စိတ်ပူခြင်းမရှိခဲ့ပါ။ အမျိုးသမီးတိုင်းတွင် ရင်သားပါရှိသည်။ ထိုရင်သားတွင် အလုံးပေါ်လာသည်။ ဘာများထူးခြားပါသနည်း။

မေမေက ထိုအလုံးများကို တိုင်းရင်းဆေး မန်းဆေးတချို့လိမ်းရန် အကြံပြုလာစဉ်က ကျမ ထိပ်လန့်ခဲ့ရသည်။ ဖေဖေမှ ဗီတိုအာဏာသုံးပြီးပယ်ချခဲ့လို့ တော်သေးခဲ့ရသည်။

ရင်သားပြဿနာများနှင့်ပတ်သက်ပြီး အင်တာနက်ပေါ်ရှာဖွေဖတ်ရှူခဲ့ပြီးသည့်အချိန်မှာတော့ ကျမ၏အတွေးတို့သည် ယခင်လို မရိုးရှင်းတော့။ ကျမ စိတ်ပူပါသည်။ ကျမအတွက်ရော မေမေ့အတွက်ရော။

၃၀။

ကျမဖေဖေ၏ တွန်းတွန်းတိုက်တိုက် လှုံ့ဆော်မှုကြောင့်ပင် ကျမနှင့်မေမေ ဒေါက်တာငြိမ်းချမ်းဆီသို့ရောက်ခဲ့သည်။

ဆရာကြည့်ရသည်မှာ ရင်သားပြသနာများကို ဘာမှ မထူးဆန်းသကဲ့သို့ပင်။ ကျမတို့ဘက်မှာတော့ သွေးပူနေသလောက် ဆရာကတော့ ခပ်အေးအေးပင်

၃၁။

မေ့မေ့ရောဂါက ကင်ဆာဖြစ်နိုင်ချေ အများဆုံးဟု ဆရာမှ ပြောသည်။ ကျမ စိတ်ညစ်လိုက်တာ။ ဖြစ်မှဖြစ်ရလေ မေမေရယ်...။ ကင်ဆာဆိုတာ သေမျိုးပဲဟု ကျမ နားလည်ထားသည်။ ဘေးအိမ်မှ ဦးလေးကြီးတောင် အစာအိမ်ကင်ဆာကို သိပြီး ၆လအတွင်းဆုံးသွားခဲ့သည်။

ဆရာဝန်ကတော့ စနစ်ကျသောကုသမှုကိုထပ်ခါထပ်ခါပြောနေသည်။ ဘာကို စနစ်ကျရမည်လဲ ကျမ နားမလည်။ သူပြောသလိုသာ သေချာလိုက်လုပ်ရမည်ထင်သည်။ ဆရာ့အပြောအရတော့ မေမေက အခြေနေကောင်းသည်။

၃၂။

ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်များဆုံး ကင်ဆာအမျိုးအစားတွင်ပါဝင်သည်။ မြန်မာနိုင်ငံတွင်လည်း ထိပ်ဆုံးမှ အဖြစ်များသော ကင်‌ဆာဖြစ်သည်။ ကောင်းသော အချက်မှာ စောစီးစွာကုသခြင်း၊ စနစ်တကျကုသခြင်း၊ ထိရောက်မှန်ကန်စွာ ကုသခြင်းများဖြင့် အမြစ်ပြတ်အောင်ကုသနိုင်သည်။

ဆရာဝန်ပြောသမျှ ကျမ မှတ်မိသလောက်ပြောပြခြင်းသာ။ ကျမကတော့ မယုံပါ။ ကင်ဆာဆိုတာ သေမျိုးပဲလေ။ ဘာပဲပြောပြော တက်နိုင်သမျှ ဆရာပြောသလိုသာ ကုသရမည်ဟု ကျမ အကြမ်းဖျင်းနားလည်သည်။

၃၃။

ဟော ဆရာက ပြောနေပြန်ပြီ။ ရင်သားကင်ဆာက မျိုးရိုးလိုက်တက်သည်တဲ့။ ကျမ ကြေကွဲရပြန်ပါပြီ။ တစ်ပူပေါ်နှစ်ပူဆင့်ဆိုတာ ဒါမျိုးထင်ပါရဲ့။ ကျမ မေမေက ရင်သားကင်ဆာဖြစ်နေတာလေ။ အခု ကျမရင်သားက အလုံးကကော ဘယ်လိုလုပ်ရမလဲ။ ကျမကော ကင်ဆာပဲလား။ ကျမကော ၁၄နှစ်နဲ့သေရတော့မလား။ အံ့ဩပါ့။

၃၄။

ဟူးး တော်ပါသေးရဲ့။
ကျမ ရင်သားက အလုံးလေးက ရိုးရိုးအကျိတ်ပါတဲ့။ ကင်ဆာမဟုတ်ပါဘူးဟုပြောသည်။ ကျမတို့လို ဆယ်ကျော်သက်အရွယ် မိန်းကလေတွေမှာ အဖြစ်များသည်။ ဆေးပညာအခေါ် Fibroadenoma breast (FA breast)ဟု ခေါ်သည်ဟုပြောသည်။

ကျမလား။ ကျမ စာလုံးပေါင်းကို Google မှ ရှာလိုက်သည်။ ရောဂါအကြောင်းကျမ ရှာဖတ်သည်။ ‌ဆရာငြိမ်းချမ်းပြောသလိုပဲ ဖြစ်နိုင်သည်။ ကျမက ရိုးရိုးအကျိတ်။ မေမေက ဆန်းဆန်းအကျိတ်။ မေ့မေ့ကို စနစ်တကျ ကုသမှု ခံယူရမည်။ ဒါဆိုမေမေ သက်ရှည်ကျန်းမာလိမ့်မည်။

၃၅။

ကျမ အကျိတ်ကို ခွဲစိတ်ရန်လိုမလို ဖေဖေကော မေမေပါ စိတ်ပူနေခဲ့သည်။ ဆရာကတော့ ကျမအကျိတ်သည် ခွဲရန်မလိုပါတဲ့။ ဘာပြောကောင်းမလဲ ကျမဝမ်းသာလိုက်တာဆိုတာလေ။

ကျမဆေးတမျိုးတော့ စွဲသောက်ခိုင်းလိုက်သည်။ ဆေးက တမျိူးမက အမျိုးတစ်ရာဖြစ်ပါစေ။ ရောဂါပျောက်မည်ဆိုပါက ကျမသောက်မည်သာ။

ကျမရဲ့ ရင်သား အလုံးလေးကို အမြဲတမ်းသွားသွားစမ်းမနေရန် ဆရာက မှာလိုက်သေးသည်။

တလတခါ ပုံမှန်စမ်းရန်။ အလုံးအရွယ်အစားကြီးလာပါက ပြန်ပြရန်။ အလုံးသည် နာသည်ဟုခံစားရပါက ပြန်ပြောရန်။

ဆရာမှာတာက အများသားပါပဲ။ ကျမ မှတ်ချင်တာ ကျမ မှတ်ထားတာပါ။

ဒိီလိုအလုံးတိုင်းကိုခွဲမည်ဆိုပါက ရင်သားတွင် အမာရွတ်တွေ များလာလိမ့်မည်တဲ့။

ဟီးဟီး ကျေးဇူးပါဆရာ။

Dr Nyein
အပိုင်း(၆) ဇာတ်သိမ်းပိုင်း ဆက်ရန်။

(ရင်သားကင်ဆာ အမျိုးသမီးတိုင်း စနစ်ကျ ထိရောက်သော ကုသမှုများ ရရှိစေရန် ရည်ရွယ်လျှက်)

အားလုံးပဲ မဂ်လာပါ။Surgeon's digest by Dr Nyein Pageလေးကနေ ကြိုဆိုပါတယ်။အခုဆို Pageလေးကို Follow ထားသူပေါင်း 1500နီးပါး ရ...
29/08/2022

အားလုံးပဲ မဂ်လာပါ။

Surgeon's digest by Dr Nyein Pageလေးကနေ ကြိုဆိုပါတယ်။

အခုဆို Pageလေးကို Follow ထားသူပေါင်း 1500နီးပါး ရှိသွားပါပြီ။

တယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။

Adminအနေနဲ့ အားလပ်ချိန်များမှာ လူနာများလာရောက် မေးမြန်းထားသည်များကို ဖြေကြားပေးလျှက်ရှိပါတယ်။

နောက်ပိုင်းမှာလဲ အဖြစ်များတဲ့ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါများကို ပညာပေးဆွေးနွေးပေးသွားမှာမို့ Like & Shareလေးတွေ လုပ်ပေးကြပါဦးခင်ဗျား။

မြန်မာပြည်သူ အယောက်တိုင်း အယောက်တိုင်း ကျန်းမာကြပါစေ။

(ပုံကတော့ မေတာ လက်ဆောင်လေးပါ )

Dr Nyein

သားမြတ်ပြဿနာ အဖြေရှာအပိုင်း(၄)၂၁။ " ဆရာ"" လူနာစောင့် ကိုထွန်းရင်က ဆရာနဲ့ ဆွေးနွေးချင်လို့ပါတဲ့။"ဆေးခန်းတွင် Facebook သုံ...
27/08/2022

သားမြတ်ပြဿနာ အဖြေရှာ
အပိုင်း(၄)

၂၁။

" ဆရာ"

" လူနာစောင့် ကိုထွန်းရင်က ဆရာနဲ့ ဆွေးနွေးချင်လို့ပါတဲ့။"

ဆေးခန်းတွင် Facebook သုံးရင်း အိပ်ငိုက်နေသည့် ဒေါက်တာငြိမ်းချမ်းတယောက် သူနာပြုအကူ ပိန်ပိန်၏ အသံကြောင့် အိပ်ငိုက်နေရာမှ နိုးထလာရပါသည်။ အင်း ...ဘာကိစ ရှိလို့ပါလိမ့်။

" အေးအေး ဝင်လာခိုင်း။"

၂၂။

ဒီတစ်ကြိမ်တွင်တော့ ဒေါ်ချိုချိုမပါတော့ပဲ ဦးထွန်းရင်နှင့် သမီး နွေးနွေးအောင် နှစ်ယောက်ထဲ ဖြစ်သည်။

သူတို့၏မျက်နှာတွင် မိန်းမဖြစ်သူအတွက် ၊ မိခင်ဖြစ်သူအတွက် ပူပင်စိုးရိမ်နေမှုများကို အထင်းသား မြင်နေရသည်။

ယမန်နေ့က ရင်သားဓာတ်မှန်အဖြေအရ ကင်ဆာဖြစ်နိုင်ချေများသည်ဟု ထွက်သဖြင့် အသားစ နမူနာ ရယူထားကာ အသားစဌာနသို့ပို့ထားပြီ ဖြစ်သည်။

လူနာဒေါ်ချိုချိုနှင့် ခင်ပွန်းဖြစ်သူ၊ သမီးဖြစ်သူတို့ကို ရှေ့ဆက်ပြုလုပ်ရမည့် အစီအစဉ်များကိုလည်း ရှင်းလင်းပြောပြလိုက်ပြီ ဖြစ်သည်။

လူနာဒေါ်ချိုချိုအားလည်း ရောဂါ၏ သဘောသဘာဝ၊ စနစ်တကျ ကုသမှုခံယူပါက ရာခိုင်နှုန်းပြည့် ပြန်လည်ကောင်းမွန်နိုင်ပါကြောင်း၊ ရင်သားကင်ဆာရောဂါကို စနစ်တကျ ကုသမှုခံယူပြီး ပျော်ရွှင်စွာအသက်ရှင် နေကြသော အမျိုးသမီးတို့အကြောင်းကိုလည်း ဒေါ်ချိုချို သဘောပေါက်လက်ခံလာအောင် ရှင်းပြပြီးဖြစ်သည်။

" သူတို့ဘာများ ထပ်သိချင်ပါလိမ့်။"

၂၃။

"ဆရာ။"

"ဟုတ်ကဲ့ ဦးထွန်းရင် ပြောပါခင်ဗျ။"

"ဆရာ။"

ဆရာ ဟုသာ ခေါ်နေရင်း စကားလုံးများထွက်လာဟန်မတူသည့် ဦးထွန်းရင်ကို ကြည့်ရင်း ဒေါက်တာငြိမ်းချမ်းတယောက် စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းနေမိသည်။ ယခုလို လူနာစောင့်မျိုး ရာနှင့်မက တွေ့ကြုံခဲ့ဖူးသည် မဟုတ်ပါလား။

တစ်ရှူးစကို အသာကမ်းပေးရင်း ဒေါက်တာငြိမ်းချမ်း ဘက်မှ စတင်စကားဆိုလိုက်သည်။

" ဦးထွန်းရင် ဘာတွေများ သိချင်သေးလဲ။ ကျွန်တော့ကို အားမနာနဲ့မေးပါ။"

အခန်းထဲတွင် ဘာသံမှ မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

" ချိုချို တစ်ယောက် ဘယ်လောက် အသက်ဆက်ရှင်နိုင်သေးလဲဆရာ။ ကျွန်တော့်ကို အမှန်တိုင်းပြောပါဆရာ။"

၂၄။

ဟိုနေ့က ရောဂါအကြောင်း စတင်သိရသဖြင့် ထူပူပြီး ကျွန်တော် ရှင်းပြလိုက်သည်ကို သေချာ ကြားဟန်မတူ။ ဒီလိုဆိုတော့လဲ နှစ်ထပ်ရှိမှ မှတ်မိရအောင် ထပ်ပြောပြရပေမပေါ့။

" ကဲ .... ဦးထွန်းရင် စိတ်ကိုအေးအေးထား။ ဆရာသေချာပြောပြမယ်။ ဒါနဲ့ ဒေါ်ချိုချိုကို ဘာကြောင့် မခေါ်လာတာလဲ။"

" သူ့ကို မသိစေချင်လို့ပါဆရာ။"

" ဟော... တယ်ခက်ပါလား ဦးထွန်းရင်ရယ်။ သူ့ရောဂါအကြောင်း သူအသိသင့်ဆုံးလေဗျာ။ အခု သေချာနားထောင်ပြီးရင် သူ့ကို ပြန်ပြောပြလိုက်ဦး။ ကြားလား။

" ဟုတ်ကဲ့ပါ။"

၂၅။

" ရင်သားကင်ဆာက စနစ်တကျ ကုသမှုခံယူရင် လုံးဝ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်တယ်။ အခုလိုမျိုး စဖြစ်ခါစ အလုံးအရွယ်အစား သေးသေးလေးအချိန်မှာ လာပြတော့ပိုတောင် ကောင်းသေးတယ် ဦးထွန်းရင်ရေ။"

" ဟိုလေ ဆရာ။ သမီး အင်တာနက်မှာ ရှာကြည့်တာ ကင်ဆာဆိုတာ တခြားနေရာတွေကိုပါပျံ့နိုင်တယ်တဲ့။ အဲ့လို ပျံ့နေပြီဆိုရင် သိပ်မကောင်းဘူးလို့ဖတ်ရတယ်ဆရာ။ မေမေက အဲ့လို ပျံ့နေပြီလားဆရာ။"

ဒေါ်ချိုချို၏ သမီးဖြစ်သူကား ခေသူမဟုတ်ချေ။ သူမ၏ မိခင်အတွက် ရောဂါ၏ သဘာဝကို အစွမ်းကုန် လေ့လာနေမှန်းသိသာပေသည်။ သူမ၏ ပူပန်မှုများကို ဒေါက်တာငြိမ်းချမ်းတယောက် နားလည်ခံစားပေးနိုင်ပါသည်။

" အင်း သမီးပြောတာတွေက မှန်ပါတယ် သမီး။ ဒါပေမယ့် အခုသမီးမေမေက ရောဂါဖြစ်ခါစမှာလာတယ်။ အရွယ်အစားက သေးတယ်။ နောက်ပြီး ရင်ဘက် ဓါတ်မှန် (CXR) နဲ့ ဝမ်းဗိုက်အာထရာဆောင်း (USG abdomen) အဖြေတွေကလဲ ကောင်းတော့ တခြားနေရာတွေကို ပျံ့နှံ့နေတာမျိုး မရှိသေးဘူးလို့ အကြမ်းဖျင်းပြောလို့ရတယ်။ ဆိုလိုတာက ရောဂါရဲ့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်သမီး။"

၂၆။

" ဆရာ ကျွန်တော့မိန်းမက ဘာကြောင့် ရင်သားကင်ဆာ ဖြစ်ရတာလဲ ဆရာ။ ကျွန်တော်သိချင်လို့ပါ။"

" ရင်သားကင်ဆာဟာ အကြမ်းဖျင်းအားဖြင့် အီစထိုဂျင်လို့ ခေါ်တဲ့ ဟော်မုန်းဓါတ်နဲ့ ဆက်နွယ်ပြီး ဖြစ်ပွားလေ့ရှိတယ် ဦးထွန်းရင်။"

ဦးထွန်းရင်တစ်ယောက်နားလည်ဟန်မတူ။ ဆရာငြိမ်းချမ်းကား အညှိုးနဲ့ ဆက်ပွားနေပြိဖြစ်သည်။

" အဲ့ အီထရိုဂျင် ဟော်မုန်းများလေ့ ရှိတာက
၁ အိမ်ထောင်မပြုသူ
၂ အိမ်ထောင်ပြုသော်လည်း ကလေးမမွေးသူ
၃ ကလေးမွေးသော်လည်း အသက်ကြီးမှ မွေးသူ
၄ ကလေးကို နို့မတိုက်သူ တွေမှာ ပိုဖြစ်လေ့ရှိတယ်။"

" ‌ဪ။"

" နောက်ပြီး ဟော်မုန်းဆေး သောက်နေရသူအချို့မှာလဲ သတိထားသင့်တာပေါ့လေ။"

" နောက်တခုကတော့ သူက မျိုးရိုးကြောင့်လဲ ဖြစ်တက်တယ်။ ဥပမာ မိခင်ဖြစ်သူ ၊ အဒေါ်ဖြစ်သူတွေမှာ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ စသည်ဖြင့် ဖြစ်ဖူးတာရှိရင် ပိုပြီး သတိထားဖို့လိုတယ်။

၂၇။

" ဒါဆို ကျွန်တော့်သမီးလေးရဲ့ ရင်ဘက်က အကျိတ်ကိုက ဘယ်လိုလုပ်ရမလဲဆရာ။

ဦးထွန်းရင်၏ ပူပင်စိတ်များသည် မိန်းမဖြစ်သူထံမှ သမီးဖြစ်သူအပေါ်ရောက်လာဟန်တူသည်။

သမီးဖြစ်သူ နွေးနွေးအောင်မှာလည်း မျက်လုံးအဝိုင်းသား။

Dr Nyein
အပိုင်း(၅)ဆက်ရန်။

(ရင်သားကင်ဆာ အမျိုးသမီးတိုင်းကို ထိရောက်စနစ်ကျသော ကုသမှုများ ရရှိစေရန် ရည်ရွယ်လျှက်။)

သားမြတ်ပြဿနာ အဖြေရှာအပိုင်း(၃)၁၅။ဆေးခန်းအတွင်းမှ ထွက်သွားကြသော သားအမိ သားအဖ သုံးယောက်၏ ခြေလှမ်းများကို ငေးကြည့်နေရင်း ဒေ...
26/08/2022

သားမြတ်ပြဿနာ အဖြေရှာ
အပိုင်း(၃)

၁၅။

ဆေးခန်းအတွင်းမှ ထွက်သွားကြသော သားအမိ သားအဖ သုံးယောက်၏ ခြေလှမ်းများကို ငေးကြည့်နေရင်း ဒေါက်တာငြိမ်းချမ်းတစ်ယောက် အတွေးနယ်ချဲ့နေမိသည်။

မြန်မာပြည်မှာ ဒေါ်ချိုချိုတို့မိသားစုလို ကျန်းမာရေး အသိပညာများရှိကြလျှင် ဘယ်လောက်ကောင်းလိုက်မည်လဲ။

ရင်သားတွင် အလုံးတခု စမ်းမိသည်ဆိုပါက ကင်ဆာဖြစ်နိုင်သည်ဟုသော အသိ၊ တွေ့ကရာ ဆေးများအုံခြင်း မန်းခြင်းများကို ရှောင်ရမည်ဟုသော အတွေးအခေါ်၊ အမြန်ဆုံး နီးစပ်ရာဆေးရုံဆေးခန်းတွင် ဆရာဝန်များနှင့်တိုင်ပင်ရမည်ဟုသော သတိများရှိကြမည်ဆိုရင် ဘယ်လောက်များ ဝမ်းသာစရာ ကောင်းလိုက်မည်လဲ။

၁၆။

“ဆရာ

ဆရာ။”

“ဟေ။”

လူနာဝင်လာသံလဲ မကြားမိပါပဲ ဆရာဟု ခေါ်နေသံကြောင့် ဒေါက်တာငြိမ်းချမ်းတစ်ယောက် အတွေးများကိုရပ်ကာ အာရုံကိုပြန်လည်စုစည်းလိုက်သည်။

ဆေးခန်းမှ သူနာပြအကူနှစ်ယောက် ဖြစ်သည့် မြင့်စန်းနှင့်ပိန်ပိန်ပါလား။ ဘာပြဿနာများ ရှိလို့ပါလိမ့်။

“မြင့်စန်းနဲ့ပိန်ပိန်။ ဘာဖြစ်ကြလို့လဲ သမီးတို့။”

“ဟို………ဟိုလေ။ သမီးတို့နှစ်ယောက် ရင်သားကင်ဆာအကြောင်းသေချာသိချင်လို့ပါ။ အိမ်ကအမေတို့အတွက်လဲ စိတ်ပူလို့ပါ။”

“ကောင်းပါပြီလေ။ မိုးလဲအေး လူနာလဲ ပါးတော့ မင်းတို့သိချင်တာတွေ ရှင်းပြရတာပေါ့။”

“ကဲ ဘယ်ကနေ စသိချင်တာလဲ။”

“ဆရာ ခုဏကလေ ဒေါ်ချိုချိုကိုက ရင်သားဓါတ်မှန်ရိုက်ခိုင်းပြီး သူ့သမီးလေးကိုက ဘာလို့ အာထရာဆောင်း ရိုက်ခိုင်းတာလဲဆရာ။”

ပိန်ပိန်က ခပ်သွက်သွက်ပင် မေးခွန်းများကို စမေးနေပြီဖြစ်သည်။

“သိပ်ကိုကောင်းတဲ့မေးခွန်းပါပဲ ပိန်ပိန်ရေ။ ရင်သားဓါတ်မှန်ဆိုတာ ဆေးပညာအခေါ်အရဆို Mammogram လို့ခေါ်တယ်။ ဒါပေမယ့် ရင်သားပြဿနာ အားလုံးကို ရင်သားဓါတ်မှန်ရိုက်ဖို့မလိုဘူး ပိန်ပိန်ရ။”

ပိန်ပိန်သည် အနည်းငယ် ခေါင်းရှုပ်သွားဟန်ရှိသည်။ ဒေါက်တာငြိမ်းချမ်းတစ်ယောက် ကော်ဖီသောက်ရင်း ဆက်ပြောရန်ဟန်ပြင်သည်။

“ ရင်သားဓါတ်မှန် mammogram က အသက်အရွယ်ကြီးပြီး ရင်သားထုထည် သေးငယ်သူတွေ အများအားဖြင့် အသက် ၃၅ကျော်တွေမှာရိုက်လေ့ရှိတယ်။ အသက်အတိကျ ပိုင်းဖြတ်ထားတာတော့မဟုတ်ဘူးပေါ့။ စမ်းသပ်ပေးတဲ့ဆရာဝန်ကနေပြီး သင့်တော်တာကိုရိုက်ဖို့ ဆုံးဖြတ်ပေးရတယ် ပိန်ပိန်ရ။”

“ အော် ဒါကြောင့် သူ့သမီးလေးကိုက ဆရာက အာထရာဆောင်းပဲ ရိုက်ခိုင်းလိုက်တာပေါ့နော်ဆရာ။ ဒါပေမယ့် ရင်သားဓါတ်မှန်စက်တွေ မရှိတဲ့နေရာဆိုရင်ကောဆရာ။”

“ အဲ့လိုဆိုရင်တော့ ရှိတဲ့ဟာပေါ့ ပိန်ပိန်ရယ်။ အာထရာဆောင်းပဲပေါ့။”

၁၇။

မြင့်စန်းသည် ဘာမေးရမလဲ စဉ်းစားနေရာမှ ရုတ်တရက်မေးခွန်းပေါ်လာဟန်တူသည်။

“ ဆရာ ကျမတို့ရင်သားမှာ အလုံးရှိမရှိ သိရအောင် ဘယ်လိုစမ်းသပ်ရမလဲဆရာ။”

“ အေး ဒီမေးခွန်းလဲမဆိုးဘူး။ အဓိကကတော့ကွာ လတိုင်းလတိုင်းမှာ သတ်မှတ်ထားတဲ့ ရက်တခုကိုမှတ်ထား။ ဥပမာ ရာသီလာပြီးခါစရက်ပဲဆိုပါတော့။

အဲ့လိုရက်မှာ အိပ်ယာပေါ်မှာ ပက်လက်အနေထားနဲ့ သက်သောင့်သက်သာရှိအောင်နေ။ မိမိရင်သားတစ်ဖက်ကို ဆန့်ကျင်ဘက်လက်နဲ့ နာရီလက်တံအတိုင်းလေး အကြားအလပ်မရှိအောင်စမ်းပေါ့။ ဂျိုင်းကြား ကိုလဲ သေချာစမ်းပေါ့ မြင့်စန်းရ။ အဓိကအကျဆုံးက ဘယ်လိုပဲစမ်းစမ်း သေချာစမ်း နေရာလပ်မကျန်အောင်စမ်း။ လတိုင်းတလတခါ စမ်းဖို့ကအရေးကြီးဆုံးပဲ မြင့်စန်းရ။”

၁၈။

“ ဆရာ ခဏတုန်းကပြောတာကြားလိုက်တာ စနစ်ကျတဲ့ ကုသမှုဆိုတာက ဘာလဲဆရာ။”

ဒေါက်တာငြိမ်းချမ်းတယောက်မေးခွန်းများကိုနားထောင်ရင်း ငယ်စဉ်က ဖြေဆိုခဲ့ရသော စာမေးပွဲများကို သတိရပြီး ပြုံးလိုက်မိသည်။

“ စနစ်ကျတယ်ဆိုတာ ကုသမှုမှာ လိုက်နာအပ်တဲ့ အခြေခံ စည်းကမ်းလေးတွေအတိုင်း လိုက်နာဆောင်ရွက်တာမျိုးပေါ့ ပိန်ပိန်ရ။”

ပိန်ပိန်တယောက် ခေါင်းရှုပ်သွားဟန်တူသည်။

“ ဆရာတို့ အခုဆို ဒေါ်ချိုချိုတို့ကို အရင်ဆုံးစမ်းသပ်စစ်ဆေးတယ်။ ဟော… ပြီးတော့အခု သူတို့က ရင်သားဓါတ်မှန် ရိုက်ဖို့ သွားလုပ်နေကြပြီ။ အဲ့တာက ဆရာပြောတဲ့ ဒုတိယအဆင့်ပဲ ပိန်ပိန်။”

“ သူတို့ပြန်လာပြီဆို ဆရာတို့က လိုအပ်ရင် ရင်သားဓါတ်မှန်အဖြေပေါ်မူတည်ပြီး အသားစယူရမှာ ပိန်ပိန်ရ။”

“နားလည်ပါပီဆရာ။”

၁၉။

“ အသားစအဖြေက ကင်ဆာဆို တန်းခွဲရမလားဆရာ။”

“ အင်း……. နိုင်ငံတကာမှာတော့ ကင်ဆာရောဂါတွေကို စုပေါင်းဆွေးနွေးအဖြေရှာ (Multidisciplinary team MDT) ချည်းကပ်ခြင်းဆိုတာမျိုးနဲ့ သက်ဆိုင်ရာ ဆရာဝန်အများကြီးက စုပေါင်းတိုင်ပင်ပီး လူနာအတွက် အကောင်းဆုံးကုသမှု ရနိုင်ဖို့ တိုင်ပင်ကြတာပေါ့။”

“ တချို့လူနာတွေက ရောဂါအဆင့်မြင့်နေတာမျိုးဆို မခွဲခင် ဆေးအရင်သွင်းတာမျိုးလဲ ရှိတက်ကြတယ်။ ဆေးပညာအရ Down staging လို့ ခေါ်ကြတယ်။”

“ ဆရာတို့ဆီမှာတော့ MDT approach လောက်မလုပ်နိုင်ကြသေးပေမယ့် ဆရာပြောတဲ့ အဆင့်သုံးဆင့်အတိုင်း လုပ်ကြလေ့ရှိပါတယ်။ အဆင့်တိုင်းမှာ လူနာရှင်နဲ့ သေချာလေး တိုင်ပင်ဆွေးနွေးဖို့တော့ လိုအပ်တာပေါ့လေ။

၂၀။

“ဆရာ။

ဒေါ်ချိုချိုတို့မိသားစု ရင်သားဓါတ်မှန် အဖြေနဲ့ ပြန်လာပါပီ။”

Dr Nyein
အပိုင်း(၄) ဆက်ရန်။

(ရင်သားကင်ဆာ အမျိုးသမီးတိုင်းကို ထိရောက်စနစ်ကျသော ကုသမှုများ ရရှိစေရန် ရန်ရည်ရွယ်လျှက်။)

သားမြတ် ပြဿနာ အဖြေရှာအပိုင်း(၂)၈။ကရင်ပြည်နယ်၏ ရာသီဥတုသည် ထုံးစံအတိုင်းမိုးသည်းပြီမို့ ဒေါက်တာငြိမ်းချမ်းတစ်ယောက် ဆေးခန်း...
25/08/2022

သားမြတ် ပြဿနာ အဖြေရှာ
အပိုင်း(၂)

၈။

ကရင်ပြည်နယ်၏ ရာသီဥတုသည် ထုံးစံအတိုင်းမိုးသည်းပြီမို့ ဒေါက်တာငြိမ်းချမ်းတစ်ယောက် ဆေးခန်းတွင်း အေးအေးဆေးဆေးထိုင်ရင်း Facebook သုံးလျှက်ရှိသည်။

ဆေးခန်းအတွင်း လူနာကြည့်သည့်အခန်းမှ အပြင်ကို တချက်ကြည့်မိရာ မိသားစု သုံးဦးဝင်လာသည်ကို တွေ့လိုက်ရသည်။ မိုးသည်းသည့် အချိန်လာသည်မို့ အတော်လေး အရေးကြီးသည့် ရောဂါဖြစ်ဟန်တူသည်။

ဆေးခန်းမှ အကူဆရာမလေးများမှ သွေးပေါင်ချိန်ခြင်း၊ ရောဂါရာဇဝင်မေးမြန်းခြင်းများ အရင်ပြုလုပ်နေသည်ကို နားစွင့်ထားမိသည်။ အမည်က ဒေါ်ချိုချိုအောင်၊ သမီးဖြစ်သူက နွေးနွေးအောင်။ ရင်သားပြဿနာအတွက် ဆရာဝန်နှင့်တိုင်ပင်ရန် လာသည်ဟု အကြမ်းဖျင်းသိလိုက်သည်။ အတူပါလာသည့် အမျိုးသားက ဒေါ်ချိုချို၏ ခင်ပွန်းဖြစ်ဟန်တူသည်။

၉။

‌"ဒေါ်ချိုချို ဝင်လို့ရပါပြီ။"

လူနာနှင့်အတူ သူမ၏ သမီးဖြစ်သူပါ အတူဝင်လာသည်ကိုတွေ့ရသည်။ သူမကို ကြည့်ရသည်မှာ အတော်ပင် စိတ်ပူနေဟန်တူသည်။ သူမ၏ သမီးလေးမှာ အတော်ပင် သွက်လက်ချက်ချာမည့်ပုံဟု အကြမ်းဖျင်းခန့်မှန်းလို့ရပါသည်။

" ဒေါ်ချိုချို ထိုင်ပါ။ သမီးလဲထိုင်ပါ။ "

‌ထိုင်ပြီးသည့်တိုင် တော်ရုံနှင့် စကားသံထွက်မလာပါ။ ဒေါက်တာငြိမ်းချမ်းတယောက် လူနာကို အကဲခက်ရင်း စိတ်ရှည်ရှည်နှင့်ပင် စောင့်နေလိုက်သည်။

"ကဲ ဒေါ်ချိုချို ဘာဖြစ်တာလဲ ပြောလို့ရပီလား။ " ခပ်ပြုံးပြုံးနှင့် ဒေါက်တာငြိမ်းချမ်းတယောက်မေးလိုက်သည်။

" ကျမ"
"ကျမ မသေချင်သေးဘူးဆရာ။"

၁၀။

" ကဲ ဒေါ်ချိုချို စိတ်အေးအေးထား။
ဒေါ်ချိုချိုက ဘာလို့သေရမှာလဲ။ ဘာဖြစ်တာလဲကို ဆရာ့ကို သေချာပြောပြ။ ဒေါ်ချိုချိုပြောပြမှ ဆရာက ကူစဉ်းစားပေးလို့ရမှာ။"

"ဆရာ မေမေက ဘယ်ဘက် ရင်သားမှာ အလုံးလေးတွေ့လို့ပါ။"

အသံကား ဒေါ်ချိုချိုဆီမှ မဟုတ်ပဲ ဘေးနာမှ သမီးလေးဆီက။

"ဟုတ်ပီ။ သမီးလေးဆက်ပြောပြ။"

" တကယ်က သမီးရင်သားမှာ အလုံးပေါ်တာပါဆရာ။ ညာဘက်ရင်သားပါဆရာ။ အဲ့တာမေမေ့ကို ပြရင်း မေမေက သူ့ကိုယ်သူပြန်စမ်းကြည့်တာပါဆရာ။ အခုမှသိတာပါဆရာ။ "

" ဟုတ်ပြီ။ သမီးလေး။
သမီးလေးတို့ သားအမိက တကယ်တော်တာပဲ။ အခုသိတာနဲ့ ဆရာ့ဆီလာတာပေါ့။ ကဲ သမီးလေး ဆက်ပြောပါဦး။ ဆရာသေချာနားထောင်ကြည့်ပါဦးမယ်။"

" ဆရာ။ သမီးအဲ့ရောဂါအကြောင်းကို အင်တာနက်မှာ ရှာပြီးဖတ်ထားပါတယ်။"

ဒေါ်ချိုချို၏ သမီးသည် ကျတော်ထင်ထားသလိုပင် အတော်ပင် ထက်မြက်သည့်ပုံပေါက်ပါသည်။ ခေတ်လူငယ်ပီပီ အင်တာနက်ကို ကျွမ်းကျင်စွာသုံးတက်သည့်အလျှောက် သူမ၏ရောဂါသဘောသဘာဝကို လေ့ထားပြီးဟန်ရှိသည်။

" သမီး စိတ်ပူတာ မေမေ့ကိုပါဆရာ။"

ပြောနေရင်းနဲ့ ဝမ်းနည်းသွားဟန်တူသည်။ အသံတို့ကား တိမ်ဝင်သွားသည်။ ဆက်ပြောရန်ခေါင်းညိမ့် ပြရင်း ဒေါက်တာငြိမ်းချမ်းအားပေးလိုက်သည်။

" သမီး လေ့လာမိသလောက် မေမေ့ အကျိတ်ဟာကင်ဆာများလားလို့ပါဆရာ။ "

သူမ၏ လက်များသည် သူမ၏ မိခင်လက်များကို ဆုတ်ကိုင်ထားလျှက်။

" ကဲ ဒါဆို ဆရာလဲ နည်းနည်းလောက်ပြန်မေးပါဦးမယ်။ ဒီတခါ ဒေါ်ချိုချိုဖြေပေးရမယ်နော်။"

"ဟုတ်ကဲ့ပါဆရာ။"

ဒေါ်ချိုချိုသည် အနည်းငယ်တည်ငြိမ်လာဟန်တူသည်။ သူမသည် ဆရာငြိမ်းချမ်းမေးမည့် မေးခွန်းများကို ဖြေရန် အဆင်သင့်ဖြစ်နေပုံပေါ်နေပြီဖြစ်သည်။

၁၁။

"ဒေါ်ချိုချို အလုံးကိုသတိထားပီး သိတာ ဘယ်လောက်ကြာပီလဲ။

မနေ့ကပဲစမ်းမိတာပါဆရာ။

အလုံးကိုစမ်းမိတော့နာသလားဒေါ်ချို

မနာပါဘူးဆရာ။

အလုံးက မာသလား။ ခပ်တင်းတင်းလေးပဲလား။

မာပါတယ်ဆရာ။

ချိုင်းမှာကော အလုံးစမ်းမိသေးလား။

ကျွန်မမသိပါဘူးဆရာ။

တဖက်ရင်သားမှာကော အလုံးကိုစမ်းမိသလား။

မရှိပါဘူးဆရာ။

မျိုးရိုးထဲ ရင်သားကင်ဆာ ဖြစ်ဖူးသူရှိသလား။

မရှိပါဘူးဆရာ။

အစားသောက်ပျက်တာ၊ပိန်သွားတာမျိုးရှိသလား။

မရှိပါဘူးဆရာ။"

ဒေါက်တာငြိမ်းချမ်းတယောက် မေးစရာရှိသည်များကို ခပ်သွက်သွက်ပင်မေးချလိုက်သည်။ ဒေါ်ချိုချိုသည် ယခုမှပင် ခပ်ရဲရဲတင်းတင်းဖြေလာနိုင်သည်။ ဆရာဝန်က လိုအပ်သည်ကိုမေးသည်မို့ သေချာဖြေရမည်ကို သူမကောင်းစွာနားလည်ဟန်တူသည်။

"ဒေါ်ချိုချိုက အသက်၅၅နော်။ သမီးလေးနဲ့ အသက် သိပ်ကွာနေပါလား ဒေါ်ချို။

ဟုတ်ပါတယ်ဆရာ။ ကျမ အပျိုကြီးဘဝကနေ အသက်၄၀ကျော်မှ အိမ်ထောင်ကျလို့ပါဆရာ။

သမီးလေးကို မိခင်နို့တိုက်ခဲ့သလားဒေါ်ချို

ကျမ နို့မထွက်တာနဲ့ နို့မုန့်အကောင်းဆုံးကို တိုက်ခဲ့ပါတယ်။

ဟုတ်ပြီ။ ဒေါ်ချို သွေးဆုံးပြီလား။

၅၄လောက်က သွေးဆုံးပါတယ်ဆရာ။

ကဲ ပြောပါဦး ဒေါ်ချို ၊ ဒေါ်ချိုကကော ဒီအလုံးအကျိတ်လေးကို ဘာဖြစ်မယ်ထင်တာလဲ။

ဟို။ ဟို

ရဲရဲပြောပါဒေါ်ချို။

ကင်ဆာလားလို့ပါဆရာ။"

ဒေါ်ချိုတယောက် မဝန့်မရဲ နှင့်ဖြေနေဟန်တူသည်။ သူမကို ကြည့်ရသည်မှာ အဖြေကို သိပြီးသား။ ဆရာဝန်ကို မဟုတ်ပါဘူးဟု ပြောစေချင်ဟန်တူသည်။

၁၂။

ဆေးခန်းမှ သူနာပြုဆရာမလေးတ‌စ်ယောက်၏ အကူအညီဖြင့် ဒေါက်တာငြိမ်းချမ်းတယောက် ဒေါ်ချိုချိုကို စနစ်တကျ စမ်းသပ်ခြင်းပြုလုပ်ခဲ့ပြီ ဖြစ်ပါသည်။

စမ်းသပ်မှုအရ တွေ့ရှိသည်များကို ရှင်းပြရန် ဒေါက်တာ ငြိမ်းချမ်းတယောက် ခေါင်းထဲ စကားလုံးများစီစဉ်လျှက်ရှိသည်။

သူမနှင့် သူမ၏ သမီးမှ ပြန်မေးလာမည့် မေးခွန်းများကို ဖြေဆိုရန်လည်း လိုသည်မဟုတ်ပါလား။

၁၃။

"ကဲ ဒေါ်ချို ထိုင်ပါဦး။

ကျွန်တော်တော့ စမ်းသပ်စရာ ရှိတာ စမ်းသပ်ပြီးပါပြီဒေါ်ချို။

ရင်သားကင်ဆာဆိုတာ ကမ္ဘာပေါ်မှာ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင်ဆာအမျိုးစားထဲပါတယ်ဒေါ်ချို။

သူ့ကို ကင်ဆာလို့ အမည်တပ်နိုင်ဖို့ ဆရာတို့ အဆင့်သုံးဆင့်လုပ်ရပါတယ်ဒေါ်ချို။

နံပါတ် ၁ က အခုလို ရောဂါရာဇဝင်မေးပြီး စမ်းသပ်တာပေါ့။ အဲ့အဆင့်ကတော့အခုပြီးပြီ။

နံပါတ် ၂က လိုအပ်တဲ့ ရင်သားဓါတ်မှန် ရိုက်ဖို့လိုပါတယ်။ ဒေါ်ချိုရဲ့ အသက်ရွယ်အရ ရင်သားဓါတ်မှန်ရိုက်ရပါမယ်။

နံပါတ် ၃ကတော့ အသားစရယူခြင်းပါပဲ ဒေါ်ချို။"

ရှင်းပြနေရင်း သူမတို့သားအမိနှစ်ယောက်လုံးကိုအကဲခက်လိုက်သည်။ ရောဂါအကြောင်းရှင်းပြမည်မို့ ဒေါ်ချိုခင်ပွန်းလဲ ဘေးနားခေါ်ထားစေပြီဖြစ်သည်။ မိုးလဲအေး လူနာလဲ မရှိသည်မို့ မိသားစုအားလုံး သေချာနားထောင်နေပုံတော့ရသည်။

၁၄။

"ကျွန်တော့်စမ်းသပ်ချက် အရတော့ ဒေါ်ချိုက ကင်ဆာနဲ့ တူပါတယ် ဒေါ်ချို။
ဒါပေမယ့် သေချာဖို့ ကျတော်ပြောတဲ့ နောက်နှစ်ဆင့်ကို လုပ်ရပါမယ်။
ဒါမှ စနစ်ကျထိရောက်တဲ့ ကုသမှုကိုရပါမယ်။
ဒေါ်ချိုတို့ သဘောတူနိုင်မလား။"

"ဆရာပြောတဲ့အတိုင်းအားလုံးကို ကုန်ချင်သလောက် ကုန်ပါစေ။ လုပ်ပါမယ်ဆရာ။"

အဖြေကား ‌ကိုထွန်းရင်ဟုခေါ်သော ဒေါ်ချိုအမျိုးသားထံမှ ထွက်လာခြင်းဖြစ်ပါသည်။

မိုးကား သည်းလျှက်။

ဒေါ်ချိုမိသားစု ရင်ထဲမှ အပူကိုကား ငြိမ်းသက်မှုပေးနိုင်ဟန်မတူ။



Dr Nyein
အပိုင်း(၃) ဆက်ရန်။
(ရင်သားကင်ဆာ အမျိုးသမီးတိုင်းကို ထိရောက် စနစ်ကျသော ကုသမှုများရရှိစေရန် ရည်ရွယ်လျှက်။)

သားမြတ်ပြဿနာ အဖြေရှာ (၁) ၁။ကျွန်မ နာမည်က ဒေါ်ချိုချိုအောင်ပါရှင်။ အများကတော့ ချိုချိုလို့ပဲ ခေါ်ကြပါတယ်။ ကျွန်မမှာ သမီးလ...
23/08/2022

သားမြတ်ပြဿနာ အဖြေရှာ (၁)

၁။

ကျွန်မ နာမည်က ဒေါ်ချိုချိုအောင်ပါရှင်။ အများကတော့ ချိုချိုလို့ပဲ ခေါ်ကြပါတယ်။ ကျွန်မမှာ သမီးလေးတစ်ယောက်ရှိပါတယ်ရှင်။ ကျွန်မ အသက်က ၅၅နှစ်ပါ။ သမီးလေးကတော့ ၁၄နှစ်ပါရှင်။

ဟုတ်ပါတယ်။ ကျွန်မနဲ့ ကျွန်မသမီးလေးက အသက်သိပ်ကွာပါတယ်။ ကျွန်မ အိပ်ထောင်ပြုတာ လေးဆယ်ကျော်မှဖြစ်တာရယ် ကံပေါ်ပြီး ဒီ သမီးလေး တစ်ယောက်ထဲ ရှားရှားပါးပါးရထားတာပါရှင်။

ကျွန်မသမီးလေး အမည်က နွေးနွေးအောင်ပါ။ တစ်ဦးတည်းသော သမီးလေးမို့ ငုံထားမတက် ချစ်ရပါတယ်။ အခုတော့ ကျွန်မတို့ သားအမိနှစ်ယောက်မှာ တူညီသော ပြဿနာတခု ပေါ်နေပါတယ်။ အဲ့တာက ဘာလဲဆိုတော့…….။

၂။

“မေမေရေ မေမေ။ “

သမီးလေးခေါ်သံကြောင့် ဟင်းချက်နေရာမှ ကျွန်မ သမီးလေးရှိရာ အခန်းဆီသို့ပြေးလာခဲ့မိသည်။

သမီးလေးတစ်ယောက် ဘာများဖြစ်တာပါလိမ့်။

“သမီး အလန့်တကြားနဲ့။ ဘာဖြစ််လို့လဲ သမီးလေး။”

ရုတ်တရက် ကျွန်မလက်ကိုဆွဲကိုင်ပီး သူမ၏ ရင်ဘက်ပေါ်သို့ ဆွဲတင်လိုက်တာကြောင့် ကျွန်မ လန့်ဖျန့်သွားပါသည်။

“ မေမေ သမီးရင်သားမှာ အလုံးလေးစမ်းမိနေတယ်။ နာလဲနာတယ်မေမေ။ ကိုင်ကြည့်ရင် ဟိုရွေ့ ဒီရွေ့နဲ့။”

ပြောရင်းနဲ့ ငိုချလိုက်သောကြောင့် ကျွန်မလဲ ရုတ်တရက် ပြန်ပြောစရာ စကားလုံး ရှာနေမိသည်။

“ သမီး သမီး ။ မေမေရှိတယ်လေ။ ဘာမှ မကြောက်နဲ့နော်။”
“ ကဲ ပြစမ်းပါဦး ။ မေမေသေချာစမ်းကြည့်ပါဦးမယ်။”

“သမီးကအပျိုဖြစ်လာလို့ ဒီလိုပေါ်လာတာလဲ ဖြစ်ချင်ဖြစ်မှာ။ မေမေတို့ ဆေးခန်းသွားကြမယ်နော်။ ဘာမှ စိတ်မပူနဲ့။

၃။

သမီးအခန်းထဲ ထွက်လာသော ဒေါ်ချိုချိုတယောက် မျက်စိမျက်နှာ ပျက်ကာ ရေချိုးခန်းထဲ ဝင်သွားသည်ကို ကိုထွန်းရင် တယောက် တွေ့လိုက်သည်။ ဘာများဖြစ်တာပါလိမ့်။

“ဟေ့ ချိုချို။ ဘာဖြစ်လို့လဲ။ ရေချိုးခန်းထဲက ထွက်လာဦး။”

“ဖေကြီးရေ ကိုယ်ကျိုးတော့နည်းပြီထင်တယ်။ သမီးရင်သါးမှာ အလုံးလေး စမ်းမိတယ်ဆိုလို့ ကျွန်မလဲ အခု ကိုယ့်ဘာသာ စမ်းကြည့်တာ ကျွန်မရင်ဘက်မှာလဲ အလုံးလေးရှိနေတယ်။ နာလဲ မနာတော့ ကျွန်မမသိတာ။ ဘယ်လောက်တောင် ကြာနေပီလဲ ကျွန်မဲ မသိဘူးတော်။ “

ပြောလဲပြော ငိုလဲငိုနေသော မိန်းမဖြစ်သူကို ကြည့်ရင်း ကိုထွန်းရင် တယောက် စိတ်ရှုပ်သွားရသည်။ ဘယ်လိုအားပေးရမည်ကို ကိုထွန်းရင်မသိ။ တခုတော့ရှိသည်။ နီးစပ်ရာဆေးခန်းသို့အမြန်ဆုံးသွားမည်။ ဆရာဝန်နှင့်တိုင်ပင်မည်။ အတက်နိုင်ဆုံးကုပေးမည်။ ရှာထားအမျှသည် ဒီ သားအမိအတွက်ပဲ မဟုတ်ပေလား။

“ဖေကြီးရေ ကျွန်မတို့ကို ရေစင်မန်းတဲ့ဆရာဆီ အမြန်ဆုံးပို့ပေးနော်။”

၄။

“တိတ်စမ်း ချိုချို။ ဘာရေစင်မန်းဆရာတုန်း။ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ မပေါပ်ချင်စမ်းပါနဲ့။ အမြန်ဆုံး ဆရာဝန် ရှိတဲ့ ဆေးခန်းကို သွားပြရမယ်။ ဒါငါ့အမိန့်ပဲ။ “

၅။

ဆိုင်ကယ်ကား ဆေးခန်းအရှေ့သို့ရောက်ချေပီ။

သမီးလက်ကိုဆွဲလျှက် ဆေးခန်းသို့ ခြေလှမ်းတိုင်းမှာ ဒေါ်ချိုချို၏ စိတ်တို့သည် ဂယောက်ဂယက် ဖြစ်လျှက်။

ကျွန်မ မသေချင်သေးပါဘူးရှင်။ ကျွန်မတို့သားအမိ နှစ်ယောက်လုံးမှာမှ လာဖြစ်ရတယ်လို့။

၆။

“ ဒေါ်ချိုချို ဝင်လို့ရပါပီ။”

။။။။။။

အပိုင်း(၂) ဆက်ရန်။

(ရင်သားကင်ဆာ အမျိုးသမီးတိုင်းကို ထိရောက် စနစ်ကျသော ကုသမှုများရရှိစေရန် ရည်ရွယ်လျှက်။)

Dr Nyein.

Address


Website

Alerts

Be the first to know and let us send you an email when Surgeon's digest by Dr Nyein Chan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Health & Beauty Business?

Share